Outreach Fabric Bag Sewing Training
November 26, 2018
2018 Youth Leadership Conference Recap
November 28, 2018

၂၀၁၈ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ – “Challenge for Change”

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂-၄ ရက်နေ့တွင် ချင်းမိုင်မြို့၊ Samkanpaeng ရပ်ကွက်ရှိ Lanna လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့သော 2018 BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာတွေ့ဆုံပွဲသို့ လူငယ်ကျောင်းသူ/ကျောင်းသားများနှင့် ဦးဆောင်ဆွေးနွေးသူ အယောက် (၇၀) ကျော် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါ သည်။ ဆွေးနွေးပွဲ၏အဓိက ရည်ရွယ်ချက်မှာ Thailand 4.0 ကို ဦးတည်သည့် “Challenge 4.0 Change” ဖြစ်ပြီး ပါဝင်သူများက ပြသနာဖြေရှင်းနည်း ကျွမ်းကျင်မှုများ မြှင့်တင်ခြင်း၊ ခေါင်းဆောင်မှု နည်းဗျူဟာများ လက်တွေ့ လုပ်ဆောင်ခြင်းနှင့် မိမိတို့လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် စီမံကိန်းများ ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဤနှစ်ပတ်လည် လူငယ်တွေ့ဆုံဆွေးနွေးပွဲကို မတူကွဲပြားသည့် မြန်မာလူမျိုး၊ ထိုင်းလူမျိုးနှင့် ထိုင်းနိုင်ငံတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက် ဘီမ်းပညာရေးဖောင်ဒေးရှင်းနဲ့ JUMP! ဖောင်ဒေးရှင်းတို့က ပူးပေါင်း၍ကျင်းပ ပံ့ပိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကိစ္စရပ်များကို သိမြင်စေပါသည်။

အပြန်အလှန်ရင်းနှီးမှု တည်ဆောက်ခြင်း

ဆွေးနွေးပွဲပထမဆုံး သောကြာနေ့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်စေမှုအပြင် ရင်းနှီးမှု တည်ဆောက်မှု ဆိုင်ရာ လုပ်ဆောင်ချက်များဖြင့် ဆွေးနွေးပွဲအတွက် အင်အားတစ်ရပ်ဖြစ်စေဖို့ အခွင့်အရေး ရရှိခဲ့ပါသည်။ မတူကွဲပြားသည့် ပါဝင်သူများအတွက် အချင်းချင်းပြောဆိုဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာပြန်ပေးသူများ မနားတမ်းအလုပ်များခဲ့ရသည့်အပြင် ကျောင်းသူ/ကျောင်းသားများကလည်း ဘာသာစကားနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အခက်အခဲများကိုကျော်လွန်၍ အပြန်အလှန်ဆက်သွယ်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။
ယခင်နှစ်က စီမံကိန်းအကောင်အထည်ဖော်ရန် ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ကလည်း ၎င်းတို့၏လူမှုပတ်ဝန်းကျင်ရှိ အကျိုးပြု စီမံကိန်းနှင့် ပတ်သတ်ပြီး လာရောက်ဝေမျှခဲ့ပါသည်။ ၎င်းတို့ရဲ့စီမံကိန်းမှာချင်းမိုင်နှင့် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းသူ/ကျောင်းသားပေါင်း ၄၀ဝ ကျော်ထံသို့ အဆင့်မြင့်ပညာရေးရရှိရန် အရေးပါသော သတင်းအချက်အလက်များ မျှဝေပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ လျင်မြန်စွာဖြင့် အပြည့်အဝအကောင်အထည် ဖော်နိုင်ခဲ့သည့် လူထုအကျိုးပြုစီမံကိန်း တစ်ခုကို သင်တန်းတစ်ပတ်တာအတွင်း အကြံဥာဏ်ရရှိခဲ့မှုအပြင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အံ့သြဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။

ပြဿနာဖြေရှင်းခြင်း

ဒုတိယနေ့တွင် တစ်ဦးနဲ့တစ်ဦးထံမှ အပြန်အလှန်သင်ယူမိပြီး ကိုယ်ပိုင်ထင်မြင်မှုများကို တက်ကြွစွာအဖွဲ့လိုက် ဆွေးနွေးခြင်းအားဖြင့် ပါဝင်ခဲ့ကြပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူအခွင့်အရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လူမှုပတ်ဝန်းကျင်ကိစ္စရပ်များနှင့် ပြည်သူ့ရေးရာမူဝါဒများကို အချိန်အတော်ကြာဆွေးနွေးဖြစ်ခဲ့ကြပါသည်။
တက်ရောက်သူများသည် တစ်နေ့တာအတွင်းမှာပဲရင်းနှီးမှုရှိလာကြပြီး မိမိတို့ကိုယ်တိုင် ဤကိစ္စရပ်များနဲ့ တိုက်ရိုက် သက်ဆိုင်နေကြောင်း ပွင်းလင်းစွာဖြင့် ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ဆေးကုသမှု ခံယူရန်ခက်ခဲသည့် ဒေသများမှ လာရောက်ကြသည့် ကျောင်းသားများကလည်း ၎င်းတို့ရဲ့အတွေ့အကြုံကို ဝေမျှခဲ့ကြပါတယ်။ တချို့ကလည်း ကျောင်းထွက်၍ မိသားစုအတွက် အလုပ်ထွက်လုပ်ရသည့် ဖိအားများအကြောင်းကို ရှင်းပြခဲ့ပါသည်။ ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ရှိ မူးယစ်ဆေးဝါးဘေးအန္တရာယ် တိုက်ရိုက်သက်ရောက်မှုကို ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြသူများလည်း ရှိကြပါသည်။
အတွေ့အကြုံအရ၊ ဖြတ်သန်းလာခဲ့ရသည့် နောက်ခံအချက်အလက်များအရ အလိုလိုထွက်ပေါ်လာသည့် အကြောင်းအရာများအပေါ်မူတည်ပြီး ကျောင်းသား/သူများအနေဖြင့် ပြဿနာရပ်များအပေါ် သုံးသပ်ပြီး ဆက်စပ်နေသည့် အရင်းအမြစ်များနှင့် ဆိုးကျိုးများကို သိမှတ်ခဲ့ကြပါသည်။ အဖွဲ့အတွင်းဆွေးနွေးမှုများမှာ သစ်ပင်ပုံစံကိုအခြေပြုပြီး ထပ်ဆင့်ညွှန်ပြချက်များရရှိရန် ဝိုင်းဝန်းအဖြေရှာခဲ့ကြပါသည်။

ပြဿနာများအပေါ် သုံးသပ်ပြီးနောက်မှာတော့ ကျောင်းသား/သူများအနေဖြင့် လူမှုဝန်းကျင်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ တည်ဆောက်နိုင်ရန်အတွက် နည်းဗျူဟာများကိုပုံစံချစဉ်စားသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်နိုင်ခဲ့ကြပါသည်။ လူသားအခြေပြုပုံစံနှင့် နည်းဗျူဟာသတ်မှတ်ခြင်း၊ စမ်းသပ်လေ့လာခြင်း၊ ဖြေရှင်းနည်းအဖြစ် အသုံးပြုခြင်းစသည်ဖြင့် အဆင့်ဆင့် လေ့လာသင်ယူခဲ့ကြပါသည်။

ဤသင်ယူမှုသည် ကျောင်းသား/ကျောင်းသူများ ဖန်တီးမှုစွမ်းရည်ရရှိရန်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ ဥပမာအနေဖြင့် စာသင်ချိန် အိပ်ငိုက်တက်သည့် ကျောင်းသူအတွက်သူမရဲ့သူငယ်ချင်းက ပင်ပန်းသည့်အချိန်တိုင်း အသုံးပြုနိုင်သည့် ရေပြွတ်တစ်ခုဖန်တီးပြုလုပ်ပေးပါသည်။ ပို၍လေးစားဖွယ် ကောင်းသည်မှာ ၎င်းအကြံဥာဏ်ကို အခြေခံပြီးစွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ပုံစံငယ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

စီမံကိန်းရေးဆွဲခြင်း

ဆွေးနွေးပွဲ၏နောက်ဆုံးနေ့မှာတော့ သင်ယူခဲ့တဲ့ အကြောင်းအရာများကိုအသုံးချပြီးမိမိတို့ လူမှုဝန်းကျင်ရှိ အမှန်တကယ် ကြုံတွေ့နေရသော ပြဿနာများအတွက် ဖြေရှင်းနည်းများကို ပုံစံချရေးဆွဲစေခဲ့ပါသည်။ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်း၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်း၊ ပျောက်ကွယ်လုနီးပါး ဘာသာစကားများ၊ ကျောင်းတွင်း အနိုင်ကျင့်ခံရမှု စသည့် အကြောင်းအရာအများအပြားကို လူမှုအကျိုးပြု စီမံကိန်းရေးဆွဲရန် သတ်မှတ်နိုင်ခဲ့ကြပါသည်။ အဖွဲ့ ၁၀ ဖွဲ့လုံးအနေဖြင့် စီမံကိန်းအသေးစိတ်ရေးဆွဲပြီး ပြန်လည်တင်ပြနိုင်ခဲ့သည်မှာ လေးစားဖွယ်ရာပင် ဖြစ်ပါသည်။

စီမံကိန်းကောင်းများဖော်ထုတ်နိုင်ခဲ့သည့် အဖွဲ့ကောင်းများထွက်ပေါ်လာခြင်းက တွေ့ဆုံပွဲရဲ့ အောင်မြင်မှုပဲ ဖြစ်ပါသည်။ နောက်ဆုံးမှာတော့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရန် ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ ၄ ဖွဲ့ကို ဒိုင်များကရွေးချယ်ပြီး စီမံကိန်းရံပုံငွေနှင့် စီမံကိန်းအမှန်တကယ် ဖြစ်ပေါ်လာစေရန် ကူညီလမ်းပြပေးသည့် အခွင့်အရေးများပေးအပ်ခဲ့ပါသည်။ တွေ့ဆုံပွဲပြီးသွားပေမယ့် ကျောင်းသား/ကျောင်းသူများအနေဖြင့် စီမံကိန်း ဖြစ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင် နေကြပါသည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှု အရာထင်စေရန်အတွက် များစွာမျှော်လင့်ပါသည်။

ကျေးဇူးတင်စကား

၂၀၁၈ လူငယ့်ခေါင်းဆောင်မှု ဆွေးနွေးပွဲ “Challenge 4.0 Change” တွင် ပါဝင်သူတိုင်းကိုပျော်ရွှင်မှု၊ စိတ်ခွန်အား၊ အသိပညာဗဟုသုတနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါသည်။ ဤအစီအစဉ်ဖြစ်မြောက်ရေး အတွက် ပါဝင်ပေးခဲ့ ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/မများ၊ ထောက်ပံ့ကူညီသူအားလုံးကို အထူးပဲကျေးဇူးတင်ပါသည်။
အဖွဲ့လိုက်လှုပ်ရှားမှုတွေမှာ ဦးဆောင်ကူညီခဲ့သူများနှင့် မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းနှင့် ကရင် ဘာသာပြန် ပေးခဲ့သူများ၏ အားထုတ်မှုကြောင့် အောင်မြင်စွာ ဖြစ်မြောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

လူငယ်ဆွေးနွေးပွဲအတွင်း ဦးဆောင်ဆွေးနွေးသူ အဓိကအဖွဲ့ခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြသူ ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ
BEAM ပညာရေးဖောင်ဒေးရှင်း နှင့် JUMP! ဖောင်ဒေးရှင်းတို့ရဲ့ အထောက်အပံ့အကူအညီသာမရှိခဲ့လျှင် ဤအစီအစဉ် သည် ဖြစ်လာခဲ့မည်မဟုတ်ပါ။ ဒီအစီအစဉ်ဟာ BEAM နဲ့ JUMP! ဖောင်ဒေးရှင်းတို့ရဲ့ တတိယမြောက် ပူးတွဲဆောင်ရွက်မှု လည်း ဖြစ်ပါသည်။ ဒီတွေ့ဆုံပွဲကိုပါဝင်ပေးခဲ့ကြသည့်အတွက် သော်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူများနှင့် ထောက်ပံ့ကူညီသူများကို သူတို့ရဲ့ လူမှုဝန်းကျင်မှာ ခေါင်းဆောင်သစ်များအဖြစ် ပေါ်ထွက်လာစေရန် အားပေးကူညီခဲ့သူ တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါသည်။

ဘီမ်းပညာရေးဖောင်ဒေးရှင်းသည် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပညာရေးဝန်ဆောင်မှုများမှ တဆင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုဘဝပြောင်းလဲတိုးတက်မှုအတွက် ဦးတည်ဆောင်ရွက်နေသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသည့် ရွှေ့ပြောင်းလုပ်သားနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်း နည်းပါးသူများကို ဝန်ဆောင်မှုပေး၍ ၎င်းတို့၏ လူမှုဘဝကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီပေးလျက်ရှိသည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းကို ၂၀၁၀ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး ထောင်ပေါင်းများစွာသော ပညာရေး ဆိုင်ရာအခွင့်အလမ်းနည်းပါးသူများအတွက် အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကြောင်းပညာရေး၊ ဆွေးနွေးတိုင်ပင်မှုဝန်ဆောင်မှုများ၊ သုတေသနလုပ်ငန်းများ၊ အားပေးထောက်ပံ့မှုများနှင့် ထို့ထက်ပိုမိုသော ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဘီမ်းပညာရေး ဖောင်ဒေးရှင်းနှင့်ပတ်သက်ပြီး အချက် အလက်များ ထပ်မံသိရှိလိုပါက http://beamedu.org/ သို့ ဝင်ရောက်ကြည့်ရှု နိုင်သည်။
JUMP! ဖောင်ဒေးရှင်းသည် ကမ္ဘာ့အနှံ့ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာ လိုအပ်ချက်များကို ဦးတည်အဖြေရှာပံ့ပိုးပေးနိုင်သည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များဖြင့် တုံ့ပြန်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်း အနေဖြင့် လူငယ်များအား စိန်ခေါ်မှုများအတွက် တစ်ဦးကိုတစ်ဦး အားပေးလှုံ့ဆော်မှုပေးရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းပါဝင်ခွင့်ကို ဖန်တီးပေးနိုင် မည့် အခြေအနေတစ်ရပ်ကို ဦးတည်ဖော်ဆောင်ရာတွင် အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။ JUMP! ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အချက်အလက်များထပ်မံသိရှိလိုပါက http://jumpfoundation.org သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *